Tuesday, June 9, 2009

ခြေလှမ်းများနှင့် ပတ်သတ်၍

က။ ။ ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ။ တော်တော်အူကြောင်ကြောင်နိုင်တဲ့ အကျင့်လို့ပြောရမယ်။ အဲဒါကတော့ လှေကားတက်တိုင်း ပထမဆုံးအထစ်နဲ့နောက်ဆုံးအထစ်ကို ညာဘက်ခြေထောက်နဲ့ တက်ချင်တာပါဘဲ။ ဘယ်ကနေဘယ်လို အဲဒီ့အကျင့်ရသွားလဲ မသိလိုက်ပါဘူး။ သတိထားမိလိုက်တဲ့ အချိန်မှာ ရောဂါကျွမ်းနေပြီ။ လှေကားတက်ခါနီးဆိုရင် တစ်ချက်တန့်သွားတယ်။ ညာဘက်နဲ့ တက်မယ်လို့ Make Sure လုပ်ပြီးမှဆက်လှမ်းတယ်။ ကိုယ့်နောက်ကလူတွေကတော့ ကိုယ့်ကိုဘယ်လောက် ဆဲဆိုကြိမ်းမောင်း နေမလဲမသိ။ တစ်ခါကဆို အဲလိုတန့်သွားလို့ ခလေးတွန်းလှည်းခြေထောက်ကို ကြိတ်သွားတာခံလိုက်ရတယ်လေ။

ဆဲခံရတာတွေ၊ တွန်းလှည်းကြိတ်ခံရတာတွေ ထားလိုက်ကိစ္စမရှိသေးဘူး။ တကယ့်ပြဿနာက ကိုယ်တက်တဲ့ခြေကားထစ် စုစုပေါင်းအရေအတွက်က စုံ ဂဏန်းဖြစ်နေတော့မှ တက်တာ။ စဉ်းစားကြည့်လေ။ ခြေကားက ၃ ထစ် ဒါမှမဟုတ် ၅ ထစ်ဆိုပြီး မ ဂဏန်းဖြစ်နေရင် ညာဘက်ခြေနဲ့ အတက်စ၊ အတက်ဆုံးလို့ရတယ်။ စုံ ဂဏန်းဆိုတော့ ညာဘက်ခြေနဲ့စတက်ရင် ဘယ်ဘက်နဲ့ဆုံးရတော့မပေါ့။ အဲ… တစ်နည်းတော့ရှိတယ်။ လှေကားတက်နေရင်း လမ်းတစ်ဝက်ကျမှ ခြေထောက်ပြောင်းရင်တော့ရမယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက် ကို့ရို့ကားရား ဖြစ်မယ့်အလုပ်။ မမိုက်သေးဘူး။

အင်း… သေသေချာချာ စဉ်းစားကြည့်တော့ ဒီပြဿနာမျိုးက ကျွန်တော့တို့ ပညာရေးမှာ ကြုံ တွေ့နေရတဲ့ ပြဿနာမျိုးနဲ့တော့ တူသားဗျ။ ကျွန်တော်တို့တွေ Diploma ရအောင်ယူကြ၊ Degree ဆက်တက်ဖို့ ကြိုးစားနေကြတယ်ဆိုတာ ပညာရေးလှေကားကို တက်နေကြတာကလား။ အချို့လူတွေကတော့ အဆင်ပြေပြေနဲ့ မ ဂဏန်းလှေကားပေါ်ကျပြီး ကိုယ်တက်ချင်တဲ့ ဘာသာကို ငယ်ငယ်ထဲက သင်ယူ၊ အဲဒါနဲ့ဘဲ အလုပ်လုပ်နိုင်တဲ့ အထိဖြစ်မြောက်သွားကြတာမျိုးရှိသလို စုံ ဂဏန်းလှေကားပေါ်ကျလို့ ကိုယ်မကြိုက်တဲ့ လိုင်းကိုသင်ယူလာရပြီးမှ အစဉ်ပြေတဲ့ career တစ်ခုပေါ်ရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပေါ့လေ။

အဟဲ… ကျွန်တော်ကတော့ လမ်းတစ်ဝက်ကျမှ ခြေထောက်ပြောင်းတဲ့ ကို့ရို့ကားရားကောင်လေးပေါ့ဗျာ။ အရင်ကတော့ S’pore လာချင်လွန်းလို့ တစ်ပိုင်းနဲ့ တစ်ခြမ်းသေမတတ်။ ဂလိုနဲ့ရရာ Engineering ဆိုတဲ့လိုင်းကြီးယူပြီး SP ရောက်လာ။ မကြည့်ချင်လောက်အောင် စိတ်ကုန်တဲ့ ဘာသာတွေကိုသင်ယူပြီး ခုဆို Diploma တောင်ရခဲ့ပြီလေ။ ကဲ….. ခုမှအခြားလိုင်းကိုပြောင်းမယ်လုပ်တော့ ဒုက္ခရောက်ရော။ Uni တွေကတော့ လက်ခံပါရဲ့၊ နောက် ၄နှစ်ထက်တက်ရမယ်တဲ့….. ။ ဘိုးတော်ဖြစ်မှ Degree ရမယ့်ကိန်းမို့နှမြောတောသောနဲ့ဘဲ တာ့တာ လုပ်လိုက်ရပါတယ်။ (ရွှတ်)။ ခုတော့ AUS Uni က Feb intake မခေါ်ခင်ကြားထဲမှာ ဘာသင်တန်းတက်ရမလဲလို့စုံစမ်းနေပါတယ်။ (Open for suggestions)

သင်ရော ဘယ်လှေကားကို ဘယ်လိုများတက်နေပါသလဲ? (လှေကားပေါ် ငုတ်တုတ် ထိုင်နေတယ်လို့တော့ မပြောနဲ့နော်။)


ခ။ ။ “အဲဒီ့ကောင် ငတုံး။ အမြဲတမ်း လမ်းသေကဘဲသွားတယ်။”

တိန်။ ။ ကျွန်တော့်ကို ငတုံးတဲ့။ သူတို့ပြောတဲ့ လမ်းသေဆိုတာကို ငုံကြည့်မိတော့ အဖြူနဲ့အနက်ကြားတွေကို တွေ့သည်။ မြင်းကျားဖြတ်ကူးခြင်း ဆိုတဲ့ Zebra crossing ပေါ်မှာကျွန်တော်ရောက်နေတာပါ။

“ဟုတ်ပါ့။ ဒီကဖြတ်လိုက်ရင် နီးနီးလေးဟာကို။ လအ။”

အခြားသူငယ်ချင်းတွေကလည်း ဂလိုဂလို ကျွန်တော့်ကို ချီးမွမ်းခန်းဖွင့်ပြီး မျဉ်းကြားနဲ့ တစ်ပေလောက်ဝေးတဲ့ နေရာကနေ လမ်းမကိုဖြတ်ကူးသွားကြသည်။

ကျွန်တော့်အိမ်နားက မျဉ်းကြားကိုရောက်တိုင်း သည်ပြဿနာဖြစ်သည်။ “ငါ့ခြေလှမ်းက မှန်တယ်ကွ။ ငါကစည်းမျဉ်းဘောင်ထဲမှာလျှောက်တာ။ အန္တာရာယ်ကင်းတယ်လေ။ မျဉ်းကြားဖြတ်တာတင်မဟုတ်ဘူး။ အခြားကိစ္စတွေမှာလည်း မှန်ကန်တဲ့ ခြေလှမ်းလှမ်းမှ အန္တာရာယ် မဖြစ်မှာ။”

ကျွန်တော် ဆရာကြီးပုံဖမ်း၍ ပြောလေ့ရှိသောစကား။

“အဲဒီ Theory တွေက ၁၉ရာစုနှစ်ကဟာတွေ။ ခုခောတ်မှာ အရေးကြီးတာက မှန်ကန်တဲ့ခြေလှမ်း မဟုတ်တော့ဘူး။ ဘယ်သူအရင် တစ်ဖက်ကမ်းကိုရောက်မလဲဆိုတာ ဖြစ်နေပြီ။”

ချစ်သူငယ်ချင်းကြီး ရဲခေါင်ပြန်ချေပလေ့ရှိသောစကား။

ဘယ်သူမှားလဲ၊ မှန်လဲကျွန်တော်မသိပါ။ ကျွန်တော်သိလိုက်သည်ကတော့ ကျွန်တော်မှလွဲ၍ အခြားသူငယ်ချင်းအားလုံး မျဉ်းကြားနှင့် တစ်ပေအကွာကလမ်းမပေါ်တွင် ကျေနပ်စွာလျှောက်လှမ်းနေကြခြင်းကိုပင်…။ ။