Tuesday, January 10, 2012

အရင်အတိုင်းဘဲတဲ့လား။

ကြီးကျယ်ခမ်းနားလှသော မင်္ဂလာခန်းမကြီးထဲတွင် နှုတ်ဆက်ဂါရ၀ပြုသူများ၊ အချင်းချင်း စကားနှီးနှောနေကြသူများဖြင့် စည်ကား၍နေသည်။ ထိုလေပစ်နေသူ လူအုပ်ထဲတွင် ကျွန်တော် မပါ။

ကျွန်တော် ဆိုသူ ကျွန်တော်ကတော့ မင်းထင်ပါ။ သိပ်မကြာခင်လေးကဘဲ အသက် ၃၀ပြည့်လို့ ဘွဲ့တစ်ခုတိုးသွားတယ်။ လူပျိုကြီး မင်းထင်တဲ့။ ပြောရရင်တော့ ဒါလည်း မမျှော်လင့်ထားတာမဟုတ်ပါဘူး။ ဟိုး ၁၀တန်းကတည်းက လူပျိုကြီးဘဲ လုပ်မကွဆိုပြီး သူငယ်ချင်း ၄ယောက် Gang တောင်ထောင်ခဲ့ကြသေးတာကိုး။ တစ်ခုဘဲ ရှိတယ်။ အဲ့ဒီ့ အဖွဲ့ထဲက ကိုယ်မဟုတ်တဲ့ ကျန် ၃ယောက်က မိန်းမရကုန်ပြီ။ ခုအခြေအနေကတော့ “တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်ထဲပါ” သီချင်းဘဲထိုင်ဆိုရမလိုဖြစ်နေပေါ့ဗျာ။

“သစ္စာဖေါက်၊ ခွေးမသား။” သတို့သမီး ပခုံးကို တင်းတင်းဖက်ထားရင်း ပါးစပ်ကြီး နားရွက်ချိတ်မတတ် ရီနေသော လွှမ်းကျော် ကိုဘာကြောင့်ရယ်မသိ မေတ္တာပို့မိသည်။ ဒီကောင် မိဘချင်းသဘောတူထားတဲ့ မိန်းခလေးကို သွားတွေ့မယ်လို့ လာပြောတုန်းက ရုပ်ကတစ်မျိုး။ “ဒီမှာ ဟေ့ကောင်တွေ။ ငါ့ကိုများဘယ်သူမှတ်လို့လဲ။ လွှမ်းကျော်ကွ။ လွှမ်းကျော်။ အားလုံးကို လွှမ်းမိုးပြီး ကျော်လွှားပစ်မယ့်ကောင်။ မိန်းမရဲ့လွှမ်းမိုးမှုကို ခံမယ့်ကောင်မဟုတ်ဘူး။ ငါ့ရုပ်ရှင်ထုတ်လုပ်ရေးမှာ မော်ဒန်ချောချောလေးတွေ ဒီလောက်ဝင်ထွက်သွားလာနေတာတောင် စိတ်မကူးကြည့်တာ မိဘပေးစားတာယူဖို့ ဝေးသေးဟ။” လက်သီးလက်မောင်းတန်းပြီးတော့ ပြောနေတာမှတ်မိပါသေးတယ်။ အဲ့ဒီ့တုန်းက ကျွန်တော်ကတောင် မိဘ အားကိုးနဲ့မှ ယောက်ျားရှာတဲ့မိန်းမ စွံမှာမဟုတ်ပါဘူးလို့ ပြောလိုက်သေးရဲ့။ အင်း… ခုနေများ ထပ်ပြောကြည့်ပါလား၊ နားရင်းပိတ်အုပ်ခံရဖို့ကများတယ်။

“ခိခိခိ၊ ခစ်ခစ်ခစ်”
အလိုလေးဗျာ။ ရှေ့က ဇေယျတို့အတွဲကလည်း ဘယ့်နှယ်ဖြစ်နေကြတာလဲ။ ခန်းမကို သူတို့အိမ်မှတ်လို့ ကလိထိုးတမ်းဆော့နေကြသေးတယ်။ ၃လကျော် ၄လထဲရောက်နေတဲ့ ဗိုက်ကြီးကိုမှ မထောက်။ ဇေယျ ဆိုတာကတော့ ဒုတိယ သစ္စာဖောက်ပေါ့။ သူ့ဘေးက  ရှေ့တစ်ထွာလောက်သိသိသာသာ စူထွက်နေတဲ့ဗိုက်ကို ပ၀ါနဲ့ တစ်ချက်တစ်ချက် အုပ်ဖို့ကြိုးစားနေတာကတော့ ဇေယျရဲ့ ချစ်ဇနီး မြမြတဲ့။ သူတို့ ၂ယောက်က ငယ်ကျွမ်းဆွေ ဆိုဘဲ။ ငယ်ငယ်ကဇာတ်လမ်းလေးတွေရှိခဲ့ကြ ပေမယ့် ဇေယျ ရွာကနေရန်ကုန်ပြောင်းလာလို့ ဝေးခဲ့ကြရတာတဲ့။ ဇေယျခမျာ မြမြနဲ့လွဲမယ့်အတူတူ လူပျိုကြီးဘဲလုပ်တော့မယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ဝင် ဖြစ်လာတယ်ဆိုပါတော့ဗျာ။ ပြန်တွေ့မယ့်တွေ့တော့လည်း ဇေယျအဖွဲ့ဝင်ဖြစ်တာ ၅နှစ်မြောက် အထိမ်းအမှတ်နဲ့ mr.brown မှာတစ်ခုခုကျွေးမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်သွားရာက cashier မှာအလုပ်လုပ်နေတဲ့ မြမြနဲ့တိုးတာ။ ကျွန်တော်တို့ သဘောပေါက်လိုက်ပါတယ်။ အဲ့နေ့က အဖွဲ့ဝင်တစ်ယောက်လျော့တဲ့နေ့ဘဲလို့။

ဟော…ပြောရင်းဆိုရင်း ပွဲဦးထွက်သစ္စာဖောက်သူ မျိုးလှိုင်ရောက်လာပြီ။ ကျောင်းတုန်းကချိန်းထားရင်အမြဲအစောဆုံးရောက်တဲ့ကောင် နောက်ကျပြန်ပြီ။ လက်ထဲမှာလည်း အကြီးကောင် ၅နှစ်သားလေးနဲ့။ အင်းလေ၊ ကလေး ၃ယောက်နဲ့ချာလပတ်ရမ်းနေရတာဆိုတော့ ဘယ်အရင်လို ရှေ့ဆုံးကနေ ကျော့ကျော့မော့မော့နဲ့ ရောက်လာတော့မလဲ။ အရင်ဆုံးစွံသွားတဲ့သူလို့ ပြောမယ့်သာပြောတယ်၊ သူက မိန်းမဆန့်ကျင်ရေးမှာ အပြင်းထန်ဆုံး။ မိန်းမတွေကို လုံးဝအထင်မကြီးဘူးဟေ့၊ ဘယ်တော့မှလည်း အထင်မကြီးဘူးဟေ့ လို့ တစ်ချိန်လုံးပါးစပ်ဖျားက ချတာမဟုတ်ဘူး။ ခုများကျတော့ သူ့မိန်းမ ခွဲစိတ်ဆရာဝန်မကြီးက ဘယ်လူနာကို ဘယ်လိုကုပေးလိုက်တာ၊ ဘယ်လိုကောင်းသွားတာနဲ့ ရေပက်မ၀င်အောင်တွေ့တိုင်းပြောတယ်။

ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ စိတ်ဓာတ်ရော၊ ခံယူချက်ရော မပြောင်းလဲသေးပါ။ မိန်းမဟာ မိန်းမဘဲ။ ဘယ်လောက်တော်တဲ့ မိန်းမဖြစ်ဖြစ် ယူပြီးရင် ကိုယ့်ကိုတွယ်ကပ်မှာဘဲ၊ ကိုယ့်အပေါ် စည်းမျည်းစည်းကမ်းတွေထုတ်မှာဘဲ၊ complain တွေတက်မှာဘဲ။ လက်လန်ပါတယ်ဗျာ။ ဒါကိုသိရက်နဲ့ လက်နက်ချသွားတဲ့ အဖွဲ့ဝင်တွေကို။

“ဟကောင်။ လူပျိုကြီး။ ဘာတွေတွေးပြီး ပြုံးစိစိလုပ်နေတာလဲကွ။”
ဒီနေ့ပွဲရဲ့ အဓိကမင်းသား လွှမ်းကျော် ကိုယ့်နောက်ကျောကို အုန်း ကနဲ့အုပ်လိုက်မှ စိတ်ကူးစပြတ်သွားသည်။ “ငါ့လချီး။ ဘယ့်နှယ်လူပျိုကြီးလို့ အဲ့လောက်ကုန်းအော်ရတာတုန်း။” စိတ်ထဲက ကျိမ်ဆဲရင်း ဘယ်တော့များမှ မုန့်ချမှာလဲလို့ စဉ်းစားနေတာဟေ့ လို့နောက်လိုက်ရသည်။

“မင်းနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက သော်တာ တဲ့။ ငါ့အမျိုးသမီးရဲ့ ငယ်သူငယ်ချင်း။ သူက ဒီနေ့ ပန်းခြင်းကိုင်လေ။ အဲ့ဒါ စာရေးဆရာ မင်းထင် လည်းလာတယ်ဆိုတော့ သူက ဘယ်မှာလဲ ဘယ်မှာလဲ မေးမေးနေလို့ ခေါ်လာပြတာ။ ကဲ...၀အောင်ကြည့်၊ သော်တာရေ။ ဟောဒီ့ကောင်ကြီးဘဲ။”

စောစောက လူပျိုကြီးဟု အော်ခေါ်ရသည့်အကြောင်းအရင်းကို သဘောပေါက်လိုက်ဟန်ဖြင့် လွှမ်းကျော်ကို စွေကြည့်မိသည်။ သော်တာဟူသော မိန်းမပျိုကလည်း ရှက်သွားဟန်ဖြင့် လွှမ်းကျော်ကို မျက်စောင်းထိုးသည်။ 

“ဟုတ်ကဲ့။ တွေ့ရတာဝမ်းသာပါတယ်။”
ကျွန်တော် ကမ်းပေးသောလက်ကို သော်တာ အသာအယာ ဆုပ်ကိုင်၍လွှဲခက်လိုက်သောအခါ…

ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ ဒါပေမယ့် ဒီနေ့တော့ ရင်ခုန်သံတွေအရင်ကထက်ပိုမြန်နေသလိုဘဲဗျာ။

Saturday, January 7, 2012

ကမ်းရိုက်တဲ့လှိုင်း

နီးလျက်နဲ့ဝေး…။ ထိုစကားကို ပါးစပ်ဖျားက အလွယ်တကူ ပြောခဲ့ဖူးပေမယ့် ခုကိုယ်ကိုယ်တိုင် ခံစားရတော့မှ လွယ်ကူလှသော ခံစားချက် မဟုတ်မှန်းသဘောပေါက်လိုက်သည်။ အသက် ၃၀ ဆိုသည်မှာ မိန်းကလေး တစ်ယောက်ကို အရူးအမူး ညှိတွယ်သင့်သည့်အရွယ်မဟုတ်တော့။ မိန်းမတစ်ယောက်ကြောင့် ညညအိပ်မပျော်နိုင် ဟု ၀န်ခံရန်လည်း ရှက်မိပါသည်။ ပူပူနွေးနွေးလက်ထပ်ယူထားသော ဇနီးသည် စုစုလှိုင် ၏ သံသယကင်းသည့် မျက်ဝန်းများကို ရင်ဆိုင်ရန်လည်းရှက်မိသည်။ ပို၍ရှက်မိသည်က ကျွန်တော့်အသည်းနှလုံးကို ဆုပ်ခါနေသူ မိန်းကလေးမှာ ယုယုလှိုင် ဖြစ်နေခြင်းပင်။

***

‘ဒါ စု အစ်မလေ။ စင်ကပူကနေ မနေ့ကမှပြန်ရောက်တာ။ စကောလားရှစ်နဲ့ ဘွဲ့လွန်ရလာတာနော်။ ခေသူမဟုတ်ဘူး။ အိုင်တီနဲ့ ပတ်သတ်လာရင် ယု ကိုသာမေး။ ကွန်ပြူတာ တစ်ခုလုံးကို ကိုက်စားထားတဲ့သူ။ သူမသိတာမရှိဘူး။ တစ်နေ့တစ်နေ့ ကွန်ပြူတာ မျက်ခွက်ကိုဘဲ ကြည့်ကြည့်နေလို့ ခုထိ ရည်းစားမရှိ အပျိုကြီးဖြစ်နေတာဘဲကြည့်။’ မင်္ဂလာပွဲကျမှ စတွေ့ဖူးတဲ့ ခယ်မဖြစ်သူ ယု အကြောင်း သတို့သမီး စု က မနားတန်းပင် ချီးမွန်းခန်းဖွင့်နေသည်။ ယု ကတော့ အချင်းချင်း မြှောက်နေပြန်ပါပြီ ဟုဆိုကာ ဖွဖွလေး ပြုံးသည်။ ထိုအချိန်တုန်းကတော့ ယုယုလှိုင်ကို တည်ငြိမ်အေးချမ်းသော အပြုံးပိုင်ရှင်လေး တစ်ယောက် အဖြစ်သာ မှတ်မိခဲ့ပါသည်။

လက်ထပ်ပြီးတော့ တစ်ကောင်ကြွက်ဖြစ်တဲ့ ကျွန်တော်ကဘဲ စု တို့အိမ်မှာနေဖြစ်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင်က အိမ်အသစ်တစ်လုံး ၀ယ်ရန် အခြေအနေမပေးသည်က တစ်ကြောင်း၊ စု မိဘတွေက စုကိုမခွဲနိုင်၍ တစ်နှစ်လောက်တော့ အိမ်ခွဲမနေရန် တောင်းပန်လာသည်ကတစ်ကြောင်း လို့ဘဲဆိုရမည်။ စု က ၁၀တန်းပြီး သက္ကသိုလ် ဆက်မတက်ချင်ဘူး ဆိုကာ မော်ဒန်သင်တန်း တက်လိုက်၊ အရံအဆိုတော်လုပ်လိုက်ဖြင့် ယောင်ခြောက်ဆယ်လုပ်နေသူဖြစ်သည်။ အရွယ်လေးကလည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်ကလည်းရှိ၊ ထိုကိုယ်လုံးလေးကို အသားပေးသည့် ခပ်ကျပ်ကျပ် ခပ်တိုတို ခောတ်ဆန်ဆန် အ၀တ်အစားများလည်း ၀တ်လေ့ရှိသော စု ကိုလိုက်ပိုးပန်းသူမနည်းပါ။ ကျွန်တော်ကလည်း ထိုထဲမှတစ်ယောက်ပေပေါ့။ နောက်ဆုံးတော့ သူ့ထက်အသက် ၁၀နှစ်ကြီးတဲ့ ကျွန်တော့်ကို စုရွေးချယ်ခဲ့ပါတယ်။ စုက ကလေးစိတ်မကုန်သေး။ နွဲ့ဆိုးဆိုးတယ်။ သူမကြိုက်တာလုပ်မိရင်လည်း အကျိုးအကြောင်း ရှင်းပြခွင့်မပေးဘဲ ထင်ရင်ထင်သလို စိတ်ကောက်တတ်တယ်။ ဒါလေးတွေကိုဘဲ ချစ်နေရတာဆိုပြီး လိုက်ချော့ လိုက်မြူ နေရတာကိုဘဲ ပျော်ရွှင်စရာ တစ်ခုအဖြစ်ကျွန်တော်မြင်ခဲ့တယ်။ အဲဒါ ရည်းစားဘ၀တုန်းက အတွေး။

စုနဲ့လက်ထပ်လိုက်တာ အိပ်မက်တစ်ခုက လန့်နိုးလာသလိုပါဘဲ။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကမ္ဘာလေးကနေ ရှုပ်ထွေးတဲ့ တကယ့်ဘ၀ကြီးထဲကို ပစ်ထည့်ခံလိုက်ရသူကျွန်တော်…. တကယ်တန်းကျတော့ ထင်သလောက်စိတ်ဓါတ်မကြံခိုင်ခဲ့။ နေ့တဓူဝ စုအကြိုက်လိုက်နေရတာကို ငြီးငွေ့လာခဲ့တယ်။ မော်ဒန်မင်းသားတွေ၊ အဆိုတော်ပေါက်စတွေနဲ့ ပါတီသွားသွားနေတဲ့ စုကို ငြိုငြင်လာခဲ့တယ်။
ဘာကိစ္စမှ တိုင်ပင်လို့မရ၊ အကြံပေးဖေါ်မရတဲ့ စုကို စိတ်ပျက်လာခဲ့မိတယ်။ ရုံးကမောမောပန်းပန်းနဲ့ ပြန်လာတဲ့ယောင်္ကျားကို အပြုံးနဲ့ကြိုဖို့ဝေးလို့ မုန့်ဟင်းခါးစားချင်တယ် ၀ယ်ပေးဆိုပြီး နှုတ်ခမ်းစူ တတ်တဲ့ စုအပေါ်….. အချစ်တွေတစ်နေ့တစ်ခြားလျော့နည်းလာခဲ့ရပါတယ်။

ကျွန်တော့်ရဲ့ မွန်းကျပ်နေတဲ့စိတ်တွေရဲ့ထွက်ပေါက်ကတော့ ယုပါ။ ညီအစ်မ ၂ယောက်ကတော့ ရုပ်ချင်းဆင်လို့သာ တစ်အမေ တစ်အဖေထဲ ကမွေးတယ်လို့ ယုံရမယ် ဗီဇချင်း အကျင့်ချင်းက တစ်ခြားဆီပါဘဲ။ ယု ကနိုင်ငံခြားပြန်သာဆိုတယ် အမြဲတမ်း မြန်မာထဘီကို ၀တ်ကျင့်ရှိသူ၊ ဖေါ်ရွေပြီး နှစ်လိုဖွယ် အပြုံးပိုင်ရှင်မို့ မြင်သူတိုင်းရင်အေးစေသူပေါ့။ ပြဿနာက ယု အလုပ်လုပ်နေတဲ့ ကုမ္ပဏီ နဲ့ ကျွန်တော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ပူးပေါင်းလိုက်ရာကစတာပါ။ ယု ကိုကွန်ပြူတာကျွမ်းကျင်သူလို့ သိထားပေမယ့် တကယ်အတူတူအလုပ်လုပ်ကြည့်တော့မှ ကျွမ်းကျင်တာထက်ကို ပိုပြီး သိနေတတ်နေတဲ့သူမှန်း ကြုံတွေ့လိုက်ရတော့တယ်။ ကိုယ့်ထက်လပိုင်းငယ်နေတဲ့ ယု ကို အချို့ကိစ္စတွေမှာ တပည့်ခံပြီး မေးရတာ မျက်နှာတော့ပူပေမယ့် မကြာခနဆိုသလို မေးဖြစ်ခဲ့တယ်။ မေးချင်တာလည်းပါတာပေါ့။ မရှက်တမ်းဝန်ခံရရင်တော့ ယု ရဲ့စူးစူးစိုက်စိုက်အလုပ်လုပ်ပုံကို တွေ့ချင်စိတ်က သာသာလေးကို ပိုပြီးပါလိမ့်မယ်။ နောက်ပြီး ကွန်ပြူတာ စခရင် ကိုလှမ်းကြည့်ဟန်ပြုရင်း ယု ရဲ့ဆံနွယ်လေးတွေကို ဖွဖွနမ်းရှုံ့ရတာတွေ…။

ရုံးကိုအတူသွား အတူပြန်ရင်း ယုနဲ့ကျွန်တော် ပိုရင်းနှီးလာတယ်။ ပိုသိကျွမ်းလာရလေ ပိုစွဲလန်းမိလေပါဘဲ ယုရယ်။ မဖြစ်သင့်ဘူးဆိုတာ သိလျက်နဲ့ ဒီခံစားချက်တွေကို ကျွန်တော် ချိုးနှိမ်ဖို့ မကြိုးစားခဲ့ရက်ဘူးဗျာ။
***

လက်များက တစ်ဆတ်ဆတ် တုန်ခါလျက်ရှိသည်။ စာရွတ်အဖြူပေါ်မှ ‘ယု ပရောဂ ကြောင့်ဘယ်သူကိုမှ စိတ်မထိခိုက်စေချင်ဘူး၊ ညီမလေးကို ပိုလို့တောင် မထိခိုက်စေချင်ဘူး’ ဆိုတဲ့ စကားလုံးလေးတွေက ကျွန်တော့်ကို လှောင်ရီနေသလိုပါဘဲလား။ တကယ့်ပြဿနာအရင်းအမြစ်က ကျွန်တော်ပါ။ ခုလို ယု ရှောင်ထွက်သွားမယ့်အစား ကျွန်တော့်ကို စိတ်ဆိုးလိုက်၊ အပြစ်ပေးလိုက်ပါတော့လား။ ယု စင်ကပူ မှာဘဲ အခြေချတော့မယ်ပြောတုန်းက ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကို ဘာလို့များမစဉ်းစားမိတာလဲ။ ယုရဲ့ဓါတ်ပုံနဲ့ ကျွန်တော့်ခံစားချက်တွေ ရေးသားထားတဲ့ စာအုပ်ကို ဘာလို့များရုံးဗီဒိုထဲမှာ သိမ်းထားခဲ့တာလဲ။ Meeting အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကျန်ခဲ့တဲ့နေ့က ဘာလို့များ ယု ကိုရုံးပြန်ပြီးသွားရှာခိုင်းမိတာလဲ။ အဖြေရှာမရသော မေးခွန်းများ ခေါင်းထဲတွေ တသီကြီးပေါ်လာသည်။ ညှိုးနွမ်းသော မျက်နှာလေးဖြင့် လေယာဉ်ကွင်း မဆင်းမှီ လက်ပြနေသော ယု ပုံရပ်က တဖန်တိုးဝင်လာပြန်သည်။

အံကိုကျိတ်ထားရင်းမှ မျက်ရည်တစ်ပေါက် စာရွက်ပေါ်သို့…။