Friday, January 20, 2012
မှားတတ်သည် ဆိုသော်လည်း
သင်ယူလေ့လာဂီတပညာ ဆိုတာ MRTV-4 ကလွှင့်တဲ့ အစီအစဉ်တစ်ခုပါ။ ဂီတနဲ့ သိပ်အကျွမ်းတ၀င် မရှိလို့ ကြည့်လေ့ကြည့်ထမရှိပါဘူး။ တရက်မှာတော့ ဂီတအကြောင်းသက်သက်မဟုတ်တဲ့ ထူးခြားတဲ့တင်ဆက်မှုကြောင့် စိတ်ဝင်စားစွာ အစအဆုံးကြည့်ဖြစ်ခဲ့ပါတယ်။ အကြောင်းအရာကတော့ ယနေ့လူငယ်တွေစကားပြောကြရာမှာ ‘တ’ နဲ’ ‘သ’ လွဲကြတာ၊ အသံမပီမသပြောတာကို စတိုင်လုပ်နေကြတာစတဲ့ အကြောင်းတွေကို စေတနာအရင်းခံပြီး တင်ဆက်သွားကြတာပါ။ မြန်မာလူငယ်များ မြန်မာစာ၊ မြန်မာစကားနဲ့ ပတ်သက်လို့ အလေးအနက်ထားစေချင်၊ တန်ဖိုးထားစေချင်တဲ့ စေတနာကို ခံစားလိုက်ရပါတယ်။ တင်ဆက်သူများနဲ့ စီစဉ်သူများကိုလေးစားပါတယ်လို့  ပဏာမပြောချင်ပါတယ်။
စကားစပ်လို့ “ပဏာမ” နဲ့ “ပမာဏ” ရောထွေးနေကြတာလေးပြောချင်ပါသေးတယ်။ အနက်ရင်းကွဲပြားသလို အသံထွက်လည်းမတူပါဘူး။ ကိုယ့်မိခင်ဘာသာစကားအနေနဲ့ မမှားသင့်ပါဘူး။ သည်လိုအမှားမျိုးကို လဘက်ရည်ဆိုင်မှာ၊ မိသားစုနဲ့ သူငယ်ချင်းအပေါင်းအသင်းစကားဝိုင်းမှာ ပြောမိရင် ၀ိုင်းဟားရုံပေါ့။ တစ်နိုင်ငံလုံးကို လွှင့်နေတဲ့ ရုပ်သံလိုင်းလို၊ ရေဒီယိုအစီအစဉ်လိုမျိုးမှာ မှားရင်တော့ အမှားက သိပ်ကျယ်ပြန့်သွားပြီလေ။ မနှစ်က တရုတ်-မြန်မာချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ကျင်းပတဲ့ ဘောလုံးပွဲအကြောင်းရုပ်သံလိုင်းကနေ သတင်းအဖြစ်ကြေငြာပါတယ်။ မြန်မာလူငယ်ကစားသမားတွေကို လက်ရွေးစင် အဖြစ်အပြီးသတ်ရွေးချယ်ရေးမှာ အထောက်အကူဖြစ်စေမယ့်ပွဲအဖြစ် ကျင်းပတာပါ။ ဒါကြောင့် “မြန်မာလူငယ်လက်ရွေးစင်အသင်း”လို့ နာမည်မတပ်ပဲ “ပဏာမ မြန်မာလူငယ်လက်ရွေးစင်အသင်း” လို့သုံးနှုန်းပါတယ်။
သတင်းကြေငြာသူ မိန်းကလေးက “ပမာဏ မြန်မာလူငယ်လက်ရွေးစင်အသင်း” လို့ပြောချလိုက်တာကို ပထမတော့ အော် ကလေးမတော့ လျှာခလုတ်တိုက်ပဟဲ့ လို့ပြုံးမိပါတယ်။ သို့သော်သည်အမှားကိုဘဲ စွဲစွဲမြဲမြဲ သုံးလေးကြိမ်ပြောသွားတော့ မပြုံးနိုင်တော့ပါဘူး။ လျှာခလုတ်တိုက်တဲ့ အမှားမျိုးမဟုတ်တော့ဘူး။ သည်နေရာမှာ သူဟာ ပမာဏ နဲ့ ပဏာမ ကို မကွဲပြားဘူးဆိုတာသိသာနေပါတယ်။ အနက်ရင်း ကွဲပြားပါလျက် ခွဲခြားမသိကြလို့ ပျော်ပျော်ကြီးမှားနေကြတဲ့ အလားတူ အမှားမျိုးအများကြီးပါ။ တိုက်ခိုက် နဲ့ တိုက်ခတ်၊ ကြော်ငြာ နဲ့ ကြေငြာ၊ လျှော့ နဲ့ လျော့ ဆိုတဲ့ စကားလုံးတွေကတော့ မကြာခဏဆိုသလို ရောထွေးပြီးသုံးနှုန်းနေတာကို ကြားနေတွေ့နေရတာပါ။
မကြာခဏ ဆိုသလို ကြားကြားနေရတဲ့ တွင်ကျယ်နေသော အမှားတရပ်ရှိပါသေးတယ်။ “ငါမလုပ်ကသေးဘူး”၊ “မကြားကသေးဘူး”၊ “မကြည့်ကသေးဘူး” စသဖြင့် ‘ရ’ နေရာမှာ ကြံကြံဖန်ဖန် ‘က’ ထည့်ပြီးတလွဲပြောနေကြတာပါ။ နားကလောစရာပါပဲ။ ဘယ်ကျော်ကြားသူတစ်ဦးဦးကများ စထွင်လိုက်သလဲလို့တောင်တွေးမိပါတယ်။ Celebrity Style ဆိုပြီး စတိုင်လုပ်ပြောနေကြသလားလို့ပါ။ သည်လိုပြောနေတဲ့ လူငယ်တွေဟာ မူလတန်း၊ အလယ်တန်း၊ ဆရာ၊ ဆရာမ များဖြစ်နေခဲ့ရင် နောက်လာမယ့် မျိုးဆက်သစ် တစ်ခုလုံးမှားပြီးရင်း မှားကြတော့မှာပါ။ အများညီ ‘ဤ’ တောင် ‘ကျွဲ’ ဖြစ်သတဲ့။ (ဆက်ပါဦးမည်…။)
Subscribe to:
Post Comments (Atom)
3 comments:
=D
ဒါနဲ့ ပမာဏရဲ့ အဓိပါယ်အရင်းက ဘာတဲ့လဲ..
(အူဘန်းတူးနေ သဖြင့် ပါတ်ဆင့်များ မရေးနိုင်ကြောင်း)
ပမာဏ ကို ဘိုလိုမှုတ်ရရင် amount ဆိုပါတော့။ ရေးသူကျွန်တော် ကိုယ်တိုင်က မြန်မာစာ ကျွမ်းလှသည်မဟုတ်။ အခြားအနက် အဓိပ္ပါယ်များ ရှိပါက ပြောပေးကြပါ။ (ပါတ်ဆင့်များ မရေးနိုင်သည်ကို ဗွေမယူပါကြောင်း ^^)
Post a Comment