Thursday, October 23, 2008

ဒိုင်ယာရီလေး

အဖေပြောဖူးတဲ့ ဇာတ်လမ်းလေးပါ။ စိတ်ထဲမှာခုထိ စွဲနေလို့ အားလုံးနဲ့ share လုပ်ဖြစ်သွားတာ။

“အဖေက ကျွန်တော့်ကိုနားမလည်ပေးဘူးဗျာ။ အဖေလုပ်ချင်တာကြီးဘဲ အဖေသိတယ်။ ကျွန်တော်အခု ၁၀တန်းအောင်ပြီးပြီဗျ။ ကလေးလေးမဟုတ်တော့ဘူး။ အရင်ကလို အဖေပေးသမျှအမိန့်တွေကို တစ်ခွန်းပြန်မပြောဘဲ ခံလာတဲ့အကောင်မဟုတ်တော့ဘူး။ ဒိုင်ယာရီ၊ ဒိုင်ယာရီ။ ခုလည်းလာပြန်ပလား၊ ဒီဒိုင်ယာရီဆိုတဲ့ဟာ။ စာစရေးတတ်ကထဲက ဒိုင်ယာရီဘဲရေးလာရတာ။ ပထမတန်းမှာ အဆင့် ၁ ရတော့လည်း ဆုပေးတာတဲ့၊ ဒိုင်ယာရီစာအုပ်။ ထူးချွန်ဖြေတာအောင်တုန်းကလည်း ဒီဒိုင်ယာရီဘဲ။ သူများတွေ MP4 တွေ၊ ကတ်ဆက်တွေ အိမ်ကဆုပေးတာဆိုပြီးလာကြွားတဲ့အချိန် အဖေ့သား ဟောဒီ့ကကောင်ကြီးက ဒိုင်ယာရီကိုဘဲ နေ့စဉ်ကုန်းရေးနေခဲ့ရတာ။ “
ကိုယ့်ကိုယ်ကိုပင်အံ့သြမဆုံးဖြစ်ရပါသည်။ တစ်သက်လုံးတစ်ခါမှ မိဘကို “မဟုတ်ဘူး” လို့တောင်မငြင်းခဲ့တဲ့ ကျွန်တော်၊ ခုတော့အဖေ့ကို ခါးသီးစွာပင်ပြန်အော်နေမိပါလား။ အဖေလည်းအတော် shock သွားပုံရသည်။ စကားတစ်လုံးမှပြန်မပြောဘဲ ကျွန်တော့်ကိုပင် ထူးဆန်းစွာကြည့်နေ၏။ ထိမ်း၍မရတော့ပါ။ ၁၅နှစ်လုံးလုံးမျိုသိပ်ခဲ့ရတဲ့ နာကျင်မှုတွေ
အားလုံးပွင့်အန်ထွက်လာခဲ့သည်။

“ ခုကျွန်တော်က သူငယ်ချင်းတွေကို ကြွားထားပြီးပြီဗျ။ ကားအသစ်ရရင်အားလုံးကိုခေါ်ပြီး မြို့တစ်ပါတ် ပတ်မယ်လို့လည်း ချိန်းပြီးပြီ။ ခုအဖေက ကျွန်တော့်ကို ဒီဒိုင်ယာရီစာအုပ်ကြီးဘဲ လာပေးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းတွေကိုဘယ်လိုမျက်နှာနဲ့ဆက်ပေါင်းရတော့မလဲ။ ဒိုင်ယာရီဆိုတာကြီးကို ကျွန်တော်ရေးချင်လွန်းလို့ရေးတာမဟုတ်ဘူးဗျ။ အဖေစိတ်ချမ်းသာအောင်ရေးပြနေရတာ။ အရင်တုန်းက လက်ဆောင်ဆိုတာနဲ့ ဒိုင်ယာရီဘဲပေးနေခဲ့တာကို ထားပါတော့။ ဒီတစ်ခါ ၁၀တန်းမှာ ဂုဏ်ထူးပါရင် ကားလေးတစ်စီးဝယ်ပေးပါလို့ အသေအချာပြောထားရဲ့သားနဲ့။ အဲဒါကိုဗျာ၊ အဖေက….. ”

ကျွန်တော့်အသံတိမ်ဝင်သွားခဲ့သည်။ အမြင်အာရုံသည်လည်းမျက်ရည်စတို့ဖြင့်ေ၀၀ါးလာသည်။ ရှိရှိသမျှ ဒေါသအားတို့ဖြင့် အဖေလက်ဆောင်ပေးသော ဒိုင်ယာရီစာအုပ်ကို ကြမ်းပြင်ပေါ်သို့ပစ်ချကာ ကျွန်တော်အဖေ့ကိုကျောခိုင်းခဲ့သည်။ ဟုတ်ပါသည်။ ထိုနေ့က ကျွန်တော်အိမ်ပေါ်ကဆင်းလာသည့်နေ့ပင်…..


သူငယ်ချင်း မျိုးအောင်အိမ်တွင် ညအိပ်ညနေတည်းလာခဲ့ရာ ၂ရက်မြောက်သောနေ့… ကြီးမေ ဖုန်းဆက်လာသည်။ အဖေ သွေးတိုးပြီးအိပ်ရာထဲလဲနေတယ်တဲ့… ကျွန်တော့်ကြောင့်ဘ်ဲဖြစ်ရမည်။ အဖေကဒေါသထွက်ရင် သွေးတိုးတတ်သည် မဟုတ်လား။ ကျွန်တော် အဖေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် အဖေအားတောင်းပန်ရန် အစီအစဉ်မရှိ။ ကျွန်တော့်ဘက်ကမှန်သည်ဟု ခိုင်ခိုင်မာမာယူဆမြဲပင်။

အဖေ့အခန်းသည် ဆေးနံ့တို့ဖြင့်ပိတ်လှောင်နေ၏။ အဖေကတော့ ခုတင်ပေါ်တွင် ခွေခွေလေးအိပ်နေသည်။ နဘေးတွင် ကျွန်တော့်ကို ၁၀တန်းဂုဏ်ထူးရသဖြင့်လက်ဆောင်ပေးထားသော ဒိုင်ယာရီစာအုပ်။ ကျွန်တော့်ကို အိမ်ပေါ်မှဆင်းစေခဲ့သော စာအုပ်။ ဘာကြောင့်ဟူသော တိကျသည့်အကြောင်းပြချက်မရှိဘဲ ထိုစာအုပ်ကိုကျွန်တော်ကိုင်ကြည့်မိသည်။ စာအုပ်အဖုံးကိုအလှန်….. သေသပ်လှပသော စာအုပ်အဖုံးနောက်တွင် Tape ဖြင့်အသေအချာကပ်ထားသော သော့တွဲတစ်တွဲ နှင့် စာတိုလေးတစ်ပုဒ် ကျွန်တော့မျက်စိရှေ့ရောက်လာသည်။ စာတိုလေးရေးထားသည်မှာ… “ ၁၀ တန်းကိုထူးချွန်စွာအောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ငါ့သား။ လုပ်သင့်တာတွေလုပ်ပြီး လုပ်ချင်တာတွေလည်းလုပ်ရမှာပေါ့။ ဒီမှာ မင်းလိုချင်တဲ့ ကား။ လှိမ့်ချင်ရာလှိမ့်ပေတော့” တဲ့။

ကျွန်တော့် ပါးပြင် မျက်ရည်များဖြင့် ပူနွေးသွားခဲ့ရပါသည်။

1 comment:

mmhan said...

Oh my, that must have been a pretty tough experience.