ကြီးကျယ်ခမ်းနားလှသော မင်္ဂလာခန်းမကြီးထဲတွင် နှုတ်ဆက်ဂါရ၀ပြုသူများ၊ အချင်းချင်း စကားနှီးနှောနေကြသူများဖြင့် စည်ကား၍နေသည်။ ထိုလေပစ်နေသူ လူအုပ်ထဲတွင် ကျွန်တော် မပါ။
ကျွန်တော် ဆိုသူ ကျွန်တော်ကတော့ မင်းထင်ပါ။ သိပ်မကြာခင်လေးကဘဲ အသက် ၃၀ပြည့်လို့ ဘွဲ့တစ်ခုတိုးသွားတယ်။ လူပျိုကြီး မင်းထင်တဲ့။ ပြောရရင်တော့ ဒါလည်း မမျှော်လင့်ထားတာမဟုတ်ပါဘူး။ ဟိုး ၁၀တန်းကတည်းက လူပျိုကြီးဘဲ လုပ်မကွဆိုပြီး သူငယ်ချင်း ၄ယောက် Gang တောင်ထောင်ခဲ့ကြသေးတာကိုး။ တစ်ခုဘဲ ရှိတယ်။ အဲ့ဒီ့ အဖွဲ့ထဲက ကိုယ်မဟုတ်တဲ့ ကျန် ၃ယောက်က မိန်းမရကုန်ပြီ။ ခုအခြေအနေကတော့ “တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်ထဲပါ” သီချင်းဘဲထိုင်ဆိုရမလိုဖြစ်နေပေါ့ဗျာ။
“သစ္စာဖေါက်၊ ခွေးမသား။” သတို့သမီး ပခုံးကို တင်းတင်းဖက်ထားရင်း ပါးစပ်ကြီး နားရွက်ချိတ်မတတ် ရီနေသော လွှမ်းကျော် ကိုဘာကြောင့်ရယ်မသိ မေတ္တာပို့မိသည်။ ဒီကောင် မိဘချင်းသဘောတူထားတဲ့ မိန်းခလေးကို သွားတွေ့မယ်လို့ လာပြောတုန်းက ရုပ်ကတစ်မျိုး။ “ဒီမှာ ဟေ့ကောင်တွေ။ ငါ့ကိုများဘယ်သူမှတ်လို့လဲ။ လွှမ်းကျော်ကွ။ လွှမ်းကျော်။ အားလုံးကို လွှမ်းမိုးပြီး ကျော်လွှားပစ်မယ့်ကောင်။ မိန်းမရဲ့လွှမ်းမိုးမှုကို ခံမယ့်ကောင်မဟုတ်ဘူး။ ငါ့ရုပ်ရှင်ထုတ်လုပ်ရေးမှာ မော်ဒန်ချောချောလေးတွေ ဒီလောက်ဝင်ထွက်သွားလာနေတာတောင် စိတ်မကူးကြည့်တာ မိဘပေးစားတာယူဖို့ ဝေးသေးဟ။” လက်သီးလက်မောင်းတန်းပြီးတော့ ပြောနေတာမှတ်မိပါသေးတယ်။ အဲ့ဒီ့တုန်းက ကျွန်တော်ကတောင် မိဘ အားကိုးနဲ့မှ ယောက်ျားရှာတဲ့မိန်းမ စွံမှာမဟုတ်ပါဘူးလို့ ပြောလိုက်သေးရဲ့။ အင်း… ခုနေများ ထပ်ပြောကြည့်ပါလား၊ နားရင်းပိတ်အုပ်ခံရဖို့ကများတယ်။
“ခိခိခိ၊ ခစ်ခစ်ခစ်”
အလိုလေးဗျာ။ ရှေ့က ဇေယျတို့အတွဲကလည်း ဘယ့်နှယ်ဖြစ်နေကြတာလဲ။ ခန်းမကို သူတို့အိမ်မှတ်လို့ ကလိထိုးတမ်းဆော့နေကြသေးတယ်။ ၃လကျော် ၄လထဲရောက်နေတဲ့ ဗိုက်ကြီးကိုမှ မထောက်။ ဇေယျ ဆိုတာကတော့ ဒုတိယ သစ္စာဖောက်ပေါ့။ သူ့ဘေးက ရှေ့တစ်ထွာလောက်သိသိသာသာ စူထွက်နေတဲ့ဗိုက်ကို ပ၀ါနဲ့ တစ်ချက်တစ်ချက် အုပ်ဖို့ကြိုးစားနေတာကတော့ ဇေယျရဲ့ ချစ်ဇနီး မြမြတဲ့။ သူတို့ ၂ယောက်က ငယ်ကျွမ်းဆွေ ဆိုဘဲ။ ငယ်ငယ်ကဇာတ်လမ်းလေးတွေရှိခဲ့ကြ ပေမယ့် ဇေယျ ရွာကနေရန်ကုန်ပြောင်းလာလို့ ဝေးခဲ့ကြရတာတဲ့။ ဇေယျခမျာ မြမြနဲ့လွဲမယ့်အတူတူ လူပျိုကြီးဘဲလုပ်တော့မယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့ဝင် ဖြစ်လာတယ်ဆိုပါတော့ဗျာ။ ပြန်တွေ့မယ့်တွေ့တော့လည်း ဇေယျအဖွဲ့ဝင်ဖြစ်တာ ၅နှစ်မြောက် အထိမ်းအမှတ်နဲ့ mr.brown မှာတစ်ခုခုကျွေးမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်သွားရာက cashier မှာအလုပ်လုပ်နေတဲ့ မြမြနဲ့တိုးတာ။ ကျွန်တော်တို့ သဘောပေါက်လိုက်ပါတယ်။ အဲ့နေ့က အဖွဲ့ဝင်တစ်ယောက်လျော့တဲ့နေ့ဘဲလို့။

ဟော…ပြောရင်းဆိုရင်း ပွဲဦးထွက်သစ္စာဖောက်သူ မျိုးလှိုင်ရောက်လာပြီ။ ကျောင်းတုန်းကချိန်းထားရင်အမြဲအစောဆုံးရောက်တဲ့ကောင် နောက်ကျပြန်ပြီ။ လက်ထဲမှာလည်း အကြီးကောင် ၅နှစ်သားလေးနဲ့။ အင်းလေ၊ ကလေး ၃ယောက်နဲ့ချာလပတ်ရမ်းနေရတာဆိုတော့ ဘယ်အရင်လို ရှေ့ဆုံးကနေ ကျော့ကျော့မော့မော့နဲ့ ရောက်လာတော့မလဲ။ အရင်ဆုံးစွံသွားတဲ့သူလို့ ပြောမယ့်သာပြောတယ်၊ သူက မိန်းမဆန့်ကျင်ရေးမှာ အပြင်းထန်ဆုံး။ မိန်းမတွေကို လုံးဝအထင်မကြီးဘူးဟေ့၊ ဘယ်တော့မှလည်း အထင်မကြီးဘူးဟေ့ လို့ တစ်ချိန်လုံးပါးစပ်ဖျားက ချတာမဟုတ်ဘူး။ ခုများကျတော့ သူ့မိန်းမ ခွဲစိတ်ဆရာဝန်မကြီးက ဘယ်လူနာကို ဘယ်လိုကုပေးလိုက်တာ၊ ဘယ်လိုကောင်းသွားတာနဲ့ ရေပက်မ၀င်အောင်တွေ့တိုင်းပြောတယ်။
ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ စိတ်ဓာတ်ရော၊ ခံယူချက်ရော မပြောင်းလဲသေးပါ။ မိန်းမဟာ မိန်းမဘဲ။ ဘယ်လောက်တော်တဲ့ မိန်းမဖြစ်ဖြစ် ယူပြီးရင် ကိုယ့်ကိုတွယ်ကပ်မှာဘဲ၊ ကိုယ့်အပေါ် စည်းမျည်းစည်းကမ်းတွေထုတ်မှာဘဲ၊ complain တွေတက်မှာဘဲ။ လက်လန်ပါတယ်ဗျာ။ ဒါကိုသိရက်နဲ့ လက်နက်ချသွားတဲ့ အဖွဲ့ဝင်တွေကို။
“ဟကောင်။ လူပျိုကြီး။ ဘာတွေတွေးပြီး ပြုံးစိစိလုပ်နေတာလဲကွ။”
ဒီနေ့ပွဲရဲ့ အဓိကမင်းသား လွှမ်းကျော် ကိုယ့်နောက်ကျောကို အုန်း ကနဲ့အုပ်လိုက်မှ စိတ်ကူးစပြတ်သွားသည်။ “ငါ့လချီး။ ဘယ့်နှယ်လူပျိုကြီးလို့ အဲ့လောက်ကုန်းအော်ရတာတုန်း။” စိတ်ထဲက ကျိမ်ဆဲရင်း ဘယ်တော့များမှ မုန့်ချမှာလဲလို့ စဉ်းစားနေတာဟေ့ လို့နောက်လိုက်ရသည်။
“မင်းနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက သော်တာ တဲ့။ ငါ့အမျိုးသမီးရဲ့ ငယ်သူငယ်ချင်း။ သူက ဒီနေ့ ပန်းခြင်းကိုင်လေ။ အဲ့ဒါ စာရေးဆရာ မင်းထင် လည်းလာတယ်ဆိုတော့ သူက ဘယ်မှာလဲ ဘယ်မှာလဲ မေးမေးနေလို့ ခေါ်လာပြတာ။ ကဲ...၀အောင်ကြည့်၊ သော်တာရေ။ ဟောဒီ့ကောင်ကြီးဘဲ။”
စောစောက လူပျိုကြီးဟု အော်ခေါ်ရသည့်အကြောင်းအရင်းကို သဘောပေါက်လိုက်ဟန်ဖြင့် လွှမ်းကျော်ကို စွေကြည့်မိသည်။ သော်တာဟူသော မိန်းမပျိုကလည်း ရှက်သွားဟန်ဖြင့် လွှမ်းကျော်ကို မျက်စောင်းထိုးသည်။
“ဟုတ်ကဲ့။ တွေ့ရတာဝမ်းသာပါတယ်။”
ကျွန်တော် ကမ်းပေးသောလက်ကို သော်တာ အသာအယာ ဆုပ်ကိုင်၍လွှဲခက်လိုက်သောအခါ…
ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ ဒါပေမယ့် ဒီနေ့တော့ ရင်ခုန်သံတွေအရင်ကထက်ပိုမြန်နေသလိုဘဲဗျာ။
ကျွန်တော် မင်းထင်ပါ။ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက မင်းထင်ပါဘဲ။ ဒါပေမယ့် ဒီနေ့တော့ ရင်ခုန်သံတွေအရင်ကထက်ပိုမြန်နေသလိုဘဲဗျာ။